ARDUINO အာဒွီနို အပိုင်း(၇)
ARDUINO အာဒွီနို အပိုင်း(၇)

ဒီအပိုင်းမှာ စကက်ခ်ျ တစ်ခုရဲ့ အစိတ်အပိုင်း တစ်ခုချင်းစီရဲ့အကြောင်းကို အကြမ်းရှင်းပြပေးပါမယ်။

28576101_346525535832237_7929713022417764352_n

၁။ မှတ်ချက် အပိုင်း


ဒီအပိုင်းမှာ စကက်ခ်ျ တစ်ခုလုံးရဲ့ ရည်ရွယ်ချက်၊ လုပ်ဆောင်ပုံနဲ့ တစ်ခြားဖော်ပြချင်တဲ့ အချက်တွေကို ထည့်သွင်းရေးသားကြပါတယ်။ ဒီလိုရေးသားထားခြင်းကြောင့် ပရိုဂရမ်ရေးတဲ့သူ ကိုယ်တိုင်အတွက်ရော အခြားသူများအတွက်ပါ ဒီ စကက်ခ်ျကို ဖတ်ရှုတဲ့အခါ ပိုလိုနားလည်လွယ်စေပါတယ်။ ပရိုဂရမ်ကောင်းတစ်ခုရဲ့ အရည်အချင်းထဲမှာ နာလည်လွယ်တဲ့ မှတ်ချက်များ ပေါပေါသီသီ ပါဝင်မှု ဆိုတဲ့ အချက်ပါပါတယ်။ မှတ်ချက်များဟာ အချိန်ကာလတစ်ခုကွာပြီးနောက် စကက်ခ်ျကို ပြုပြင်ချင်ရင် အထောက်အကူကောင်းကောင်းပြုပါတယ်။

၂။ချိတ်ဆက်မှု သတ်မှတ်ချက် အပိုင်း


ဒီအပိုင်းမှာ အာဒွီနိုကဒ်မှာ ချိတ်ဆက်ထားတဲ့ အစိတ်အပိုင်းတွေအတွက် လိုအပ်တဲ့ စာကြည့်တိုက် (Library) တွေကို ကြေညာပေးရပါတယ်။ ဒါမှ နောက်ပိုင်း စကက်ခ်ျထဲမှာ လိုအပ်တဲ့ လုပ်ဆောင်ချက်တွေကို အလွယ်တကူ ခေါ်ယူအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီလို ကြေညာတာကလည်း အကြောင်းရှိပါတယ်။ စာကြည့်တိုက်တွေဟာ သီးခြားဖိုင်တွေအနေနဲ့ ရှိတာပါ။ အဲဒါကြောင့် စကက်ခ်ျတစ်ခုကို နောက်ဆုံးအဆင့် စက်သုံးကုဒ်တွေ (Machine Codes) ပြောင်းတဲ့အခါမှာ ပေါင်းဆက်တဲ့အဆင့်မှာ ဘယ်ဖိုင်တွေအသုံးပြုရမယ်ဆိုတာကို အိုင်ဒီအီးကို အကြောင်းကြားထားတဲ့ သဘောပါ။ ဒီမှာ မကြေညာပဲနဲ့ အသုံးပြုခဲ့ရင် စက်သုံးကုဒ်ပြောင်းတဲ့အခါမှာ အမှားတွေပေါ်တတ်ပါတယ်။

၃။ နေရာစုံသုံး ကိန်းရှင် သတ်မှတ်ချက် အပိုင်း


ဒီနေရာမှာ တစ်ခုပြောချင်တာက ကိန်းရှင်နှစ်မျိုးရှိကြောင်းပါ။ နေရာစုံသုံး ကိန်းရှင် (Global Variable) နဲ့ ဒေသန္တရကိန်းရှင် (Local Variable) လို့ ခွဲခြားခေါ်ပါတယ်။ နေရာစုံသုံးကိန်းရှင်တွေရဲ့ နာမည် နဲ့ အမျိုးအစားတွေကို ဒီအပိုင်းမှာ ကြေညာပေးရပါတယ်။ ကိန်းရှင်အားလုံးဟာ နာမည်တူမရှိရပါဘူး။ ရှိရင် စက်သုံးကုဒ်ပြောင်းရင် အမှားပေါ်တတ်ပါတယ်။


၄။ Setup() အပိုင်း


ဒီအပိုင်းမှာ စကက်ခ်ျတစ်ခုလုံးမှာ အစပိုင်း တစ်ခါပဲလုပ်ရမယ့် အလုပ်တွေကို ဒီမှာရေးရပါမယ်။ ဥပမာ - LCD တစ်ခုသုံးထားတယ်ဆိုပါစို့။ အဲဒီ LCD ကို ကနဦးပုံစံချတာ (Initialize) ကို ဒီအပိုင်းမှာပြုလုပ်ရမှာပါ။


၅။ Loop() အပိုင်း


ဒီအပိုင်းမှာ စကက်ခ်ျတစ်ခုရဲ့အဓိကလုပ်ဆောင်ချက်တွေကို ထည့်သွင်းရေးသားရတဲ့အပိုင်းဖြစ်ပါတယ်။ ဒီအပိုင်းမှာရေးထားတဲ့ ကုဒ်တွေကို စက်မပိတ်မချင်း ထပ်ခါတလဲလဲ ပြုလုပ်မှာဖြစ်ပါတယ်။


၆။ လုပ်ဆောင်ချက်များ သတ်မှတ်ချက်အပိုင်း


ဒီအပိုင်းအမှာ မိမိစိတ်ကြိုက်အသုံးပြုလိုတဲ့ လုပ်ဆောင်ချက်တွေ(functions)ကို ရေးသားသတ်မှတ်နိုင်ပါတယ်။ လုပ်ဆောင်ချက်တစ်ခုဘယ်လိုရေးရတယ်ဆိုတာကိုတော့ သီးခြား နောက်ပို့စ်တစ်ခုမှာ ဖော်ပြပေးပါမယ်။


မြန်မာနိုင်ငံသူ နိုင်ငံသား အီလက်ထရွန်းနစ်ဝါသနာရှင်များ အီလက်ထရွန်းနစ်နည်းပညာကို ဘာသာစကားအခက်အခဲမရှိဘဲ လေ့လာသင်ယူနိုင်ကြပါစေ။ အားလုံးကို ကျေးဇူးတင်ပါတယ်။