အခုတစ်ခေါက်မှာ ပရိုဂရမ်ရေးသားခြင်းအကြောင်း နည်းနည်းမျှဝေချင်ပါတယ်။
ပရိုဂရမ်ဆိုတာက ခိုင်းစေချက်အစီအစဉ်အစုဝေး လို့ မြန်မာလိုဘာသာပြန်နိုင်ပါတယ်။ ခိုင်းစေချက်တွေကို အစီအစဉ်တကျ ရေးသားထားပြီး အဲဒီ အစီအစဉ်တွေကို စုဝေးထားတဲ့ အရာကို ခေါ်တာပါ။
ဥပမာအနေနဲ့ နိစ္စဓူဝတွေ့မြင်နေကျ ပရိုဂရမ်တစ်ခုကို ပြောပြပါမယ်။ ရေနွေးအိုးတည်တာပါ။
၁။ ရေနွေးအိုးယူပါ။
၂။ အဖုံးဖွင့်ပါ။
၃။ ရေဖြည့်ပါ။
၄။ အဖုံးပိတ်ပါ။
၅။ မီးဖိုပေါ်တင်ပါ။ မီးဖွင့်ပါ။
၆။ ရေနွေးဆူအောင်စောင့်ပါ။
၇။ ရေနွေးဆူလျှင် အောက်ချပါ။
၈။ မီးကိုပိတ်ပါ။
ဒါဟာလည်း ပရိုဂရမ်တစ်ခုဖြစ်ပါတယ်။ ရေနွေးတည်တဲ့ ပရိုဂရမ်ပေါ့။ ဒါကလူတစ်ယောက်ကို ခိုင်းလို့ရတဲ့ ပရိုဂရမ် ဖြစ်ပါတယ်။ စက်တစ်ခုကို ခိုင်းလို့မရပါဘူး။ စက်ကို ခိုင်းချင်လို့ရှိရင် စက်နားလည်တဲ့ ဘာသာစကားနဲ့ ပြောရပါတယ်။
ဒီမှာ ပရိုဂရမ် ဘာသာစကား (Programming Language) ဆိုပြီး ဖြစ်လာပါတယ်။ ကမ္ဘာပေါ်မှာ ပရိုဂရမ် ဘာသာစကားပေါင်း မရေမတွက်နိုင်အောင်ရှိပါတယ်။ အားလုံးကို လိုက်လေ့လာလို့မဖြစ်နိုင်ပါဘူး။ ကိုယ်ခိုင်းစေဖို့ ရည်ရွယ်တဲ့ ပစ္စည်းနဲ့ သက်ဆိုင်တဲ့ ဘာသာစကားကို လေ့လာရုံပါပဲ။ ဥပမာ အာဒွီနိုကို ခိုင်းချင်ရင် စီ ဘာသာစကား (C Language) ဒါမှမဟုတ် ပိုင်သွန် (Python) လို ဘာသာစကားတစ်ခုကို လေ့လာရုံပါပဲ။
ဘာသာစကားတွေ ဘယ်လိုကွဲကွဲ အခြေခံ စဉ်းစားတွေးခေါ်မှုပုံစံကတော့ မပြောင်းလဲပါဘူး။ စက်ဘီးဘယ်လိုစီးရသလဲဆိုတာကို မြန်မာလိုပြောတာနဲ့၊ အင်္ဂလိပ်လိုပြောတာနဲ့၊ တရုတ်လို့ပြောတာ ကွာသလိုပါပဲ။ သရုပ်ဖော်တာပဲ ကွာတာပါ။ အဓိကအချက်တွေကတော့ တူတူပါပဲ။
ပြီးတော့ ပရိုဂရမ် ဘာသာစကားတွေကို အဆင့်တွေ(Levels) ခွဲခြားသတ်မှတ်ထားတာရှိပါတယ်။ Low Level Language (အဆင့်နိမ့် ဘာသာစကား) နဲ့ High Level Language (အဆင့်မြင့် ဘာသာစကား) ဆိုပြီး ခွဲခြားထားတာပါ။ ဒါဟာ လူတွေရဲ့ ဘာသာစကားနဲ့ နီးစပ်မှု အတိုင်းအတာကို မူတည်ပြီး ခွဲခြားထားတာပါ။ လူ့ဘာသာစကားနဲ့ နီးစပ်ရင် အဆင့်မြင့်တယ်လို့ သတ်မှတ်ထားတာပါ။
အဆင့်နိမ့် ဘာသာစကားတွေကတော့ အခုအချိန်မှာ အသုံးပြုမှု လျော့နည်းလာပါပြီ။ အဓိက ကတော့ ရေးရတာ ခက်ခဲများပြားပြီး၊ အဲဒီဘာသာစကားဟာ အမာထည်ပေါ် အများကြီး မှီတည်နေလို့ ဖြစ်ပါတယ်။
ပရိုဂရမ်တစ်ခုရေးချင်တယ်ဆိုရင် အဲဒီပရိုဂရမ်ကို ထည့်သွင်းအသုံးပြုမဲ့ ပစ္စည်းရဲ့အလုပ်လုပ်ပုံကို အရင်သိအောင် လုပ်ရပါတယ်။ ဥပမာ - ကွန်ပြူတာမှာ ထည့်မဲ့ပရိုဂရမ်လား၊ ဖုန်းမှာ သုံးမဲ့ ပရိုဂရမ်လား၊ အာဒွီနိုမှာ ထည့်မှာလား စသဖြင့်ပေါ့။ တစ်ခုနဲ့တစ်ခု အလုပ်လုပ်ပုံမတူတာကြောင့် ခိုင်းရင်လဲ ကွဲပြားတာပါ။
ပရိုဂရမ်တစ်ခု အလုပ်လုပ်ပုံနဲ့ အမာထည်တွေရဲ့ ယေဘုယျ တည်ဆောက်ပုံတွေကို နောက်ပို့(စ်)တွေမှာ ဆက်လက်ဖော်ပြပေးပါမယ်။
မြန်မာနိုင်ငံသူ နိုင်ငံသား အီလက်ထရွန်းနစ်ဝါသနာရှင်များ အီလက်ထရွန်းနစ်နည်းပညာကို ဘာသာစကားအခက်အခဲမရှိဘဲ လေ့လာသင်ယူနိုင်ကြပါစေ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
မှတ်ချက်။ ။ပုံများကို အင်တာနက်မှ ကူးယူဖော်ပြပါသည်။